အပြေးပြိုင် အပြိုင်ပြေးကြမယ့် မြန်မာ့အေအိုင်လောက ၂၀၂၄

အပြေးပြိုင် အပြိုင်ပြေးကြမယ့် မြန်မာ့အေအိုင်လောက ၂၀၂၄

AI Myanmar Racing 2024

မြန်မာစာကို Generative AI လုပ်ဖို့အတွေးက ChatGPT အစကတည်းက တော်တော်များများရှိခဲ့ပါတယ်။ တကယ်လည်း ChatGPT ရလာဒ်ကို မြန်မာဘာသာပြန်ပြီးတော့ လုပ်ခဲ့တဲ့ app တွေလည်း မနည်းမနောပါပဲ။

ဒါပေမဲ့ ၂၀၂၄မှာတော့ Large Language Model တွေခေတ်စားလာတာနဲ့အပြိုင် မြန်မာစာကို built-in ရတဲ့ Gen AI တွေလုပ်ဖို့ ပြည်တွင်းပြည်ပမှာ တာဆူလာပါတော့တယ်။

ကျွန်တော့်အသိုင်းအဝိုင်းထဲမှာကို မြန်မာစာကို Gen AI လုပ်ဖို့ လူစုနေတဲ့၊ အရင်းအနှီးမတည်နေတဲ့ ပြည်တွင်းကုမ္ပဏီ၃ခု၊ ပြည်ပကုမ္ပဏီ၂ခုနဲ့ သီးခြားလွတ်လပ်စွာရပ်တည်တဲ့ ပြည်တွင်း၊community ၂ခု၊ ပြည်ပ community ၂ခု အထိရှိလာပါတယ်။ (နာမည်တွေတော့ mention မလုပ်တော့ပါ)

ဒါ့အပြင်ကို Cohere ရဲ့ AYA မှာပါဝင်မယ့် မြန်မာစာခြေလှမ်းကိုလည်း အားကိုးတဲ့အဖွဲ့အစည်းတွေပေါ်လာပါတယ်။

ဒီတာဆူနေတဲ့ မြန်မာစာ Gen AI နဲ့ပတ်သတ်ပြီးဦးဆောင်လှုပ်ရှားနေတဲ့ လူဦးရေအရေအတွက်က ၂၀၂၃ထက်စာရင် ၂၀၂၄မှာ ပိုပြီးထင်ထင်ရှားရှား မြင်လာရနိုင်ပါတယ်။ အဖွဲ့အစည်းတွေလည်း ပိုပြီးပေါ်ပေါက်လာနိုင်ပါတယ်။ ဒီထဲမှာ ပါဝင်မယ့်သူတွေက မျိုးဆက်အစုံက ‌အတွေးအမြင်ပေါင်းစုံနဲ့ လူတန်းစားမျိုးစုံပါဝင်လာပါတယ်။ လက်ရှိမှာတော့ မြန်မာ့အေအိုင်လောကက မတူကွဲပြားမှုတွေ အရင်ကထက်များပြားလာပါတယ်။

အားလုံးရဲ့ ပန်းတိုင်ကတော့ မြန်မာစာ Language Model တခုရဖို့ဆိုတဲ့ ခေါင်းစဉ်အောက်ကပဲဖြစ်ပါတယ်။ ၂၀၂၄ဟာ မြန်မာ့နိုင်ငံရေးလောကရော၊ မြန်မာ့နည်းပညာလောကရော ၂ခုလုံး အပြောင်းအလဲ၊အလှုပ်အခတ်များမယ့်ကာလဖြစ်ပါတယ်။

ယခင်ကာလများက နိုင်ငံရေးအခြေအနေကြောင့် ပုန်းလျှိုးကွယ်လျှိုးလူသိမခံပဲနေခဲ့ကြတဲ့ ပြည်တွင်း၊ပြည်ပရောက် ‌စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ အေအိုင်ပညာရှင်တွေလည်း မြန်မာဘာသာအေအိုင်အပြေးပြိုင်ပွဲမှာ ဝင်တိုးလာတာလည်း ထူးခြားမှုတခုလို့ပြောလို့ရပါတယ်။

ဤခရီးနီးသလားမေးရင်တော့

ဘယ်အဖွဲ့အစည်းအရင်ဆုံးဖြစ်သွားမလဲ

ကျွန်တော်တို့ဖျာခင်းပြီး စောင့်ကြည့်ကြရမှာပဲ။

ဝိုင်းမြှောက်ပေးကြတာပေါ့။