Skip to main content

Command Palette

Search for a command to run...

Myanmar Next Generation and Education

မျိုးဆက်တခုနှင့် မြန်မာ့ပညာရေး

Published
1 min read
Myanmar Next Generation and Education
M

I am an artificial intelligence model builder in Myanmar, and an educator about programming and machine learning.

Programming တွေ၊ AI တွေနဲ့ နောက်လာမယ့်မျိုးဆက်တွေအတွက် ချပေးတဲ့အုတ်မြစ်တွေက တော်တော်ကောင်းတယ်။ ကိုယ်ကလည်း international school တခုမှာ ကလေးတွေစာသင်ပေးတဲ့ ကျောင်းဆရာဖြစ်နေတာဆိုတော့ ထူးထူးခြားခြားတွေ့ဖြစ်တာကို ပြောပြတာပါ။

အခုနောက်ပိုင်း သင်ရိုးတွေကို STEAM ပြောင်းလိုက်တော့ ကလေးတွေရဲ့တွေးတဲ့ပုံစံတွေက ကိုယ်တွေနဲ့ လုံးဝမတူတော့ဘူး။ ကလေးတယောက် ပြောတာဆိုရင် ကိုယ်တောင် အံ့ဩရတယ်။

ကလေးတယောက်ပြောတာက

အင်းလေးတိုက်တေးရဲ့ တပိုဒ်ကိုရေးပြရရင်

"သက်ငယ်ကိုအရင်မိုး၊ ရှင်ရိုးကနောက်မှစီ၊

ထုံးရယ်ပမညီ။

ထုံးရယ်ပမညီ၊ သူပလီ၊ သူပလီ။

တယောက်ကို နှစ်ယောက်တွဲတယ်။

မောင်ကြီးရယ် မြဲပါ့မလား။"

ဒီအပိုဒ်က မိန်းကလေးတွေဆိုရတဲ့အပိုဒ်ပါ။ ဆိုလိုရင်းက သူ့ကိုလာကြိုက်နေတဲ့ ကောင်လေးက ပလီတီချောက်ချက်နဲ့ ပလေးတယ်၊ အဆင့်ကျော်တယ်၊ ရည်းစားရှုပ်တယ်" ဆိုတဲ့သဘောပေါ့။

"တရပ်ကယ်၊ တရွာပြောင်း

ငယ်ပေါင်းလို သူခင်မင်၊ ချစ်ဖို့ဟန်ပြင်၊

ချစ်ဖို့ဟန်ပြင်၊ မခွာချင်၊ မခွာချင်။

နောင့်လေးခင် အိမ်ပြန်ငြိမ်းအောင်၊

မကြီးရယ် သိမ်းပိုက်မှာလား။"

ဒါက ယောက်ျား‌လေးတွေဆိုရတဲ့ အပိုဒ်ပါ။ ဆိုလိုရင်းအလွယ်ကတော့ "စိတ်ချချင်ရင် သိမ်းပိုက်ပါတော့" ဆိုတဲ့သဘောပေါ့။

ဒီထက်ပိုနက်နဲအောင် အကျယ်ချဲ့လို့ရပါတယ်။ ဒါပေမဲ့ ကလေးတယောက်ရဲ့ ဒီကဗျာကိုဖတ်ပြီး သုံးသပ်တာက သဘောကျစရာကောင်းတာပါ။

ဆရာတဲ့။ မြန်မာတိုင်း မြန်မာစာမတတ်ဘူးတဲ့။

မြန်မာစာကိုလည်း IELTS, TOFEL, CEFR လိုမျိုး၊ အဆင့်တွေခွဲပြီးတော့ certificate တွေပေးလို့ရတယ်။ ဗမာစာရေးတတ်၊ဖတ်တတ်တိုင်း ဗမာစာကို ကျွမ်းကျင်နားလည်တာမဟုတ်ဘူးတဲ့။ သူ့အဆင်နဲ့သူပဲတဲ့။ အဲ့စနစ်မရှိလို့သာ ဗမာတွေက ဗမာစာကို အထင်သေးကြတာပါတဲ့။

အဲ့လိုပွင့်လင်းမြင်သာပြီးတော့ ကိုယ့်ရဲ့ယူဆချက်တခုကို ထုတ်ပြရဲတာရော၊ သုံးသပ်ပြနိုင်တာကိုရော သဘောကျနေရာပဲ။

ပညာရေးစနစ်က ကောင်းနေဖို့လိုပါတယ်။

သင်နေတဲ့ဆရာ၊ဆရာမတွေကလည်း အဖွင့်စိတ်ရှိဖို့ လိုအပ်ပါတယ်။ လက်ရှိမှာလည်း အဲ့တာက လက်တဆုပ်စာပမာဏကလေးတွေပဲ ခံစားခွင့်ရနေတာပါ။ အများစုက စာသင်ယူဖို့ကိုမလွယ်တဲ့ အခြေအနေမှာပါ။

လွန်ခဲ့သော ဆယ်စုနှစ်များက သူ့အရွယ်မှာ ကိုယ်တွေ ကျောင်းသားဘဝစာမေးရင် "ဒီကောင်ငါ့ကိုမေးခွန်းထုတ်တာလား"ဆိုပြီး‌ ကျောင်းသားတွေဟာ မိစ္ဆာဒိဌိဖြစ်သွားတဲ့စာသင်ခန်းများကိုသာ ကျွန်တော်အနေနဲ့ တစိမ့်စိမ့်တွေးရင်းနဲ့ မေ့ဖျောက်လိုက်ရပါတော့တယ်။

ပွင့်သောပန်းတိုင်း ပွင့်လင်းမြင်သာမှုကိုရပါစေလို့သာ ဆုတောင်းပါတယ်။