Skip to main content

Command Palette

Search for a command to run...

MyanmarGPT-Movement (မြန်မာ့အေအိုင်လှုပ်ရှားမှု)

AI Movement in Myanmar initiated by Myanmar GPT

Published
1 min read
MyanmarGPT-Movement (မြန်မာ့အေအိုင်လှုပ်ရှားမှု)
M

I am an artificial intelligence model builder in Myanmar, and an educator about programming and machine learning.

2019 လောက်တုန်းက ကျွန်တော်ဆေးတက္ကသိုလ်မန္တလေးက စားပွဲခုံတခုပေါ်မှာ Machine learning model တခုကို အကျေအလည်တွက်ထုတ်နေပါတယ်။

ကျောင်းနေဘက်သူငယ်ချင်းတယောက်က "သားကြီး၊ ဘာတွေလုပ်နေတာလဲ" ဆိုပြီးတော့ မေးတော့၊ ကျွန်တော်သူ့ကို machine learning အကြောင်းကို တနာရီလောက်ထိုင်ရှင်းပြဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းဟာ တကယ်ကိုစိတ်ဝင်တစားနဲ့နားထောင်ပေးခဲ့ပါတယ်။ နောက်ဆုံးတော့ မေးတဲ့မေးခွန်းတခုကြောင့် ကျွန်တော့်မှာ နှုတ်ဆိတ်ခဲ့ရပါတော့တယ်။

"သားကြီး၊ မင်းပြောပြတာကတော့ သီအိုရီအရအဆင်ပြေပါတယ်၊ လက်တွေ့ရောဖြစ်နိုင်ပ့ါမလား" တဲ့။

ကျွန်တော့်မှာ ပြန်ဖြေစရာမရှိခဲ့ပါ။ ဒီဟာကပဲ Myanmar GPT ရဲ့ ဇာတ်လမ်းအစဖြစ်ခဲ့ပါတော့တယ်။

MyanmarGPT လို့ခေါ်တဲ့ ဗမာဘာသာကို Generate လုပ်ပေးနိုင်တဲ့ GPT နည်းပညာအခြေပြုအေအိုင်တခုကို December 13, 2023 မှာ စတင်တရားဝင်လွှင့်တင်ခဲ့ပါတယ်။ မလွှင့်တင်ခင် သုတေသနပြုကာလက တနှစ်နီးပါးကြာရှည်ခဲ့ပါတယ်။

MyanmarGPT ဟာ မြန်မာအေအိုင်လောကအပေါ် သက်ရောက်မှုပြင်းထန်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ Transformer နည်းပညာအခြေပြုဗမာဘာသာစကားရရှိတဲ့ ai model တွေ တခုပြီးတခု ထွက်လာပါတယ်။

ဒါဟာ MyanmarGPT Movement ရဲ့အကျိုးရလာဒ်တွေလို့ ပြောရင်မှားမယ်မထင်ပါဘူး။ MyanmarGPT Movement ဟာ ဒီနေရာမှာရပ်တန့်နေလို့လည်း မရသေးပါဘူး။ ရှေ့ဆက်သွားဖို့ စတင်ရိုက်ခတ်မှုတခုသာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုတွေကို MyanmarGPT Movement လို့ခေါ်ပါတယ်။ Myanmar GPT Movement ဆိုတာဘာလဲဆိုရင် Burmese Language GPT တွေတည်ဆောက်ရုံတခုတည်းအတွက်မဟုတ်ပါဘူး။ ဉာဏ်ရည်တုနည်းပညာဆိုင်ရာယဉ်ကျေးမှုလှုပ်ရှားမှုတရပ်ဖြစ်ပါတယ်။ ဘယ်လိုပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ်၊ အေအိုင်နဲ့ပတ်သတ်တာကိုလုပ်ဆောင်နေသရွေ့ MyanmarGPT Movement ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ ဉာဏ်ရည်တုနည်းပညာဆိုင်ရာဖန်တီးမှုတွေ၊ သုတေသနတွေ၊ လှုပ်ရှားမှုတွေအကုန်လုံးကို သေချာမှတ်တမ်းတင်ပေးသွားမှာဖြစ်ပါတယ်။ Myanmar GPT Movement ဟာ နောက်ပိုင်းမှာ မြန်မာဒေသရဲ့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာလှုပ်ရှားမှုတခုအဖြစ် မှတ်တမ်းကျန်ရစ်နေမှာပါ။

Myanmar GPT Movement လှုပ်ရှားမှုမှာ မည်သူမဆို၊ မိမိရဲ့စိတ်ကူးစိတ်သန်းတွေကို 1% လောက်ပဲအကောင်အထည်ဖော်မယ်ဆိုရင်တောင် ပါဝင်လှုပ်ရှားလို့ရပါတယ်။ စာရေးတာပဲဖြစ်ဖြစ်၊ project လုပ်တာပဲဖြစ်ဖြစ်၊ Dataset, framework, ai model တွေဖန်တီးတာပဲဖြစ်ဖြစ် မည်သူမဆို မိမိနှစ်သက်ရာ ဖန်တီးမှုတခုကို ဆောင်ရွက်ပြီး #MyanmarGPTMovement လို့ post ရုံနဲ့တင် MyanmarGPT Movement လှုပ်ရှားမှုတခုအနေနှင့် စာရင်းတင်ထားမှာပါ။ (ဉာဏပိုင်ဆိုင်မှုအရ မည်သို့မျှမသက်ဆိုင်ပါ၊ activity တွေကို မှတ်တမ်းတင်ထားတဲ့ လုပ်ငန်းစဉ်တခုသာဖြစ်ပါတယ်။)

ပြည်တွင်းစစ်,စားဝတ်နေရေးကျပ်တည်းမှူ,လူနေမှုအကျပ်အတည်း,လျှပ်စစ်မီး, စတဲ့ အခက်အခဲတွေကြားထဲက မြန်မာနိုင်ငံရဲ့ မျိုးဆက်တခုဟာ အေအိုင်လှုပ်ရှားမှုတွေလုပ်ခဲ့ကြောင်း သမိုင်းတခုကျန်ရစ်နေစေချင်ပါ‌တယ်။ အကျပ်အတည်းတွေကြားထဲက ဖန်တီးမှုတွေမသေသေးကြောင်း သမိုင်းတခုပေါ့။

လေးစားလျက်, မင်းစည်သူ, Min Si Thu

ဆက်သွယ်ရန် Min Si Thu